Wednesday, February 29, 2012

သကြားထက် ချိုသောအရာ

သကြားထက် ချိုသောအရာ

Wednesday, February 29, 2012 စိတ်ခွန်အားဖြည့်စာစုများ, နှစ်သက်မိသော စာစုများ

အသက် အတော်ကြီးနေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်မှုန်မှိုင်းနေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခုပေါ်မှာ ထိုင်နေခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ အရေးတယူ မရှိကြပါ။ ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့ သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ။ ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့ သူ့ကုတ်အင်္ကျီ အဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့ အင်္ကျီမျိုးက သူ့အတွက် သိပ်ကို လိုအပ်နေမှာတော့ အမှန်ပါ။

ဒီအချိန်လေးမှာ အသက် ၃၅နှစ်အရွယ်ခန့်ရှိတဲ့ အမျိုးသမီး တစ်ယောက်ဟာ ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်။ ပလက်ဖောင်းပေါ် လျှောက်လာရင်းနဲ့ အမျိုးသမီးဟာ ထိုအဖိုးအို အနားကို အရောက်မှာ ခြေစုံရပ်တန့်လိုက်ပါတော့တယ်။ ပြီးတော့ သူ့ကို ငုံ့ကြည့်လိုက်ကာ “ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်။ ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်း လွှာထဲက ဖြစ်မယ်ဆိုတာ အဖိုးအိုက သိလိုက်ပါတယ်။ သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို ၀တ်ဆင် ထားပြီး သန့်ရှင်းသပ်ရပ်လို့နေပါတယ်။ ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း ဆိုတာကို ဘယ်သောအခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါ။ ဒီလို အမျိးသမီး တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိဘူးလို့ သူကထင်လိုက်ပါတယ်။ ဒီအမျိုးသမီးဟာလည်း တစ်ခြား လမ်းသွား လမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့ စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ။ ဒါကြောင့်လဲ အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ။ ကျုပ် တစ်ယောက် တည်း အေးအေး နေနေတာကို မနှောက်ယှက်စမ်းပါနဲ့ ” လို့ အော်ဟစ်ပြီး ပြောလိုက်ပါတယ်။

အံ့သြစရာက ထို အမျိုးသမီးဟာ သူ့ရဲ့ အော်ဟစ်သံကို ကြောက်လန့်ပြီး ထွက်သွားတာမျိုး မဟုတ်ဘဲ နေရာမှာ ဆက်ပြီး ရပ်နေတုန်းပါ။ ညီညာပြီး ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင် ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်။ “ မဆာပါဘူး ကျုပ်က သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း ဒီကထွက်သွားစမ်းပါဗျာ ” လို့ သူက စိတ်ပေါက်ပေါက်နဲ့ ရွဲ့ပြီး ပြန်ဖြေ လိုက်ပါတယ်။ အမျိုးသမီးဟာ သူ့အနားက ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး။ ပြီးတော့ သူ့ဘေးနား ထိုင်ချလိုက်ပြီး အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ချိန်မှာတော့ “ ဟာ ခင်ဗျား ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီလေ။ ကျုပ်ကို မနှောက်ယှက်ပါနဲ့။ ခင်ဗျား ဒီနေရာက ထွက်သွားပါ” လို့ အဖိုးအို ဆီက ဒေါသတကြီး အော်ဟစ်သံက ဟိန်းထွက်လာပေါတော့တယ်။

ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးလာတော့ အမျိုးသမီးက “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်။ ဒီလူကို မတ်တပ်ရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ။ ကျွန်မကို တစ်ဆိတ်လောက် ကူညီပေးပါလားရှင်.. ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “ ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ၊ သူဟာ ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး၊ သူ့ကို ဘာများလုပ်မလို့ပါလဲ ” လို့မေးလိုက်ပါတယ်..

“ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား။ ကျွန်မ သူ့ကို အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်။ ပြီးတော့လဲ ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို လွတ်မြောက်စေချင်ပြီး နွေးနွေးထွေးထွေး နေစေချင်ပါတယ် ”

“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး ” အကြောက်အကန် ငြင်းဆန်နေရင်းမှာဘဲ သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ သူ့ကို ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်။ “ ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ၊ ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ ဆိုင်ကို ဆွဲခေါ်လာတဲ့ လမ်းတစ်လျှောက်မှာလည်း အဖိုးအို ဂျက်ဟာ အော်ဟစ်ရုန်းကန် နေတုန်းပါဘဲ။

“ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို မမိုက်မဲချင်စမ်းပါနဲ့” ရဲအရာရှိက လေသံခပ်မာမာနဲ့ သူ့ကို ပြန်ပြောပါတယ်။ နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက် ခပ်ကျကျ ကောင်တာ အနီးမှာထိုင်စေလိုက်ပါတယ်။ အချိန်က မနက်စာ စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက် ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်။ ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်။

“ ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို ဒုက္ခများပေးနေလို့လား ”

“ ဘာမှ ဒုက္ခ မပေးပါဘူး။ သူ့ကို ဒီအစ်မကြီးက အစားအသောက် ကျွေးမွေးချင်လို့ ခေါ်လာတာပါ.. ” ရဲအရာရှိရဲ့ စကားအဆုံးမှာ “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့ သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ ဆိုင်ဟာ လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်။ လမ်းပေါ်က ဒီလို စုတ်ပြတ်ပြတ် လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ တွေ့သွားရင် ဆိုင်နာမည်ပျက်ပြီး ကျွန်တော်တို့ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်။” လို့ ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်။

“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား။ ကျုပ်ပြောခဲ့သားဘဲ .. ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်၊ ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ ပြောလိုက်ပါတယ်။

အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး ပြုံးပြလိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီဂရုပ်ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ” လို့ မေးလိုက်ပါတယ်။ ဒီတော့ ဆိုင်မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်.. သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့ အထူးခန်းမှာ အမြဲ လုပ်ပါတယ်။ ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်။

အမျိုးသမီးက “ ဒါဆိုရင် ရှင်တို့ဆိုင်မှာ လုပ်တဲ့သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့် ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ ရှင်တို့ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ် မဟုတ်လား.. ”

“အဲဒီကိစ္စ ခင်ဗျားနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက ဒေါသထွက်လာပုံ ရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်။

“ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”

“ဗျာ…. ” အမျိုးသမီးရဲ့ နာမည်လည်း ကြားလိုက်ရော မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်.။

အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့ အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခုချက်ခြင်း ကျင်းပချင်ပါတယ်။ ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်စရာတွေ ယူလာခဲ့ပါ.. ”

စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “ ရဲအရာရှိကြီးကိုလည်း ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”

“တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေတဲ့အတွက် စားဖို့ မဖြစ်နိုင်ပါဘူး”

“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”

“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”

ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက

“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်.. ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ” လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်။

မန်နေဂျာ ပြန်ထွက်သွားတာကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” လို့ လှမ်းပြောလိုက်ပါတယ်..

“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒီလို ထုတ်မပြောရင် မဖြစ်တော့တာမို့ ထုတ်ပြောလိုက်ရတာပါ။ ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” လို့ ပြောလိုက်ပြီး အမျိုးသမီးဟာ ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. ထို့နောက် အဖိုးကြီးဘက်ကို လှည့်ပြီး စကား စတင်ပြောပါတယ်။

“ အန်ကယ် ဂျက်... ရှင်ကျွန်မကို မှတ်မိလား.. ”

အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ စူးစမ်းစွာကြည့်နေပြီး “ ကျုပ်ထင်တာ ခင်ဗျားဟာ ကျုပ်ကို ရင်းရင်းနှီးနှီး သိနေပုံဘဲ”

“ဟုတ်ပါတယ် .. ကျွန်မရုပ်ရည်က ဟိုတုန်းကထက် ရင့်ရော်သွားခဲ့ပါပြီ.. အခုအချိန်မှာ ငွေကြေးဥစ္စာ အရာရာ ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မရဲ့ ငယ်စဉ်ကာလ ရှင် ဒီဆိုင်မှာ အလုပ် လုပ်ခဲ့ဖူးတဲ့ အချိန်တွေ၊ အေးခဲနေတဲ့ ခုလိုရာသီမျိုးမှာ ဆာလောင်ငတ်မွတ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး တစ်လုပ်အတွက် ဆိုင်တွေဆီမှာ အလုပ်တောင်းခဲ့ရဖူးတဲ့ အချိန်တွေကို ဘယ်တော့မှ မမေ့ပါဘူးရှင်…”

“ အစ်မကြီး”

ဘေးနားက နားထောင်နေတဲ့ ရဲအရာရှိထံမှ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လိုမှ ယုံကြည်လက်ခံနိုင်ပုံ မရပါ။

အမျိုးသမီးက သူ့ဘဝနောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်။ “ ကျွန်မဟာ အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့ ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ် တစ်ခုတလေမှကို တော်တော်နဲ့ ရှာလို့မရခဲ့ပါဘူး။ ဘယ်သူကမှလည်း အလုပ် မပေးခဲ့ကြပါဘူး။ နောက်ဆုံးတော့ လက်ထဲမှာ ပြားစေ့လေး နည်းနည်းကလွဲလို့ ဘာမှ မကျန်တော့တဲ့အခါ အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို အခန်းပိုင်ရှင်က မောင်းထုတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့ အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ငတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့ရင်း နောက်ဆုံးမှာ ဒီနေရာလေးကို စားစရာ တစ်ခုတလေ ရလို ရငြား ရောက်လာခဲ့ပါတယ်။”

အဖိုးကြီးဂျက်ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ်မှတ်မိပြီ။ အဲဒီတုန်းက ကျုပ်ဟာ ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တာလေ။ ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက် နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့ တောင်းဆိုတယ်လေ။ ဆိုင်ဝန်ထမ်းမဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာ ကျတဲ့အတွက် အလုပ် မပေးနိုင်ပါဘူးလို့ ကျုပ်က ပြောခဲ့တယ်လေ။ ”

“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်။ အန်ကယ်ဟာ ကျွန်မ တစ်သက် မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဝစ်ကြီးတစ်ခုနဲ့ ကော်ဖီ တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့ ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့် ပြဿနာတစ်ခုခု ဖြစ်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မစားတဲ့ အစားအစာအတွက် ကျသင့်ငွေကို ကောင်တာမှာ သွားရှင်းနေတာ တွေ့လိုက်ရတယ်။ ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်။ ကျွန်မဘဝမှာ အဲဒီအချိန်တုန်းက ဆာဆာနဲ့ စားခဲ့ရတဲ့ ဆင်းဒဝစ်လောက် ဘယ်အစားအသောက်ကမှ အရသာမရှိခဲ့ပါဘူး။ ခုချိန်ထိလည်း သတိရနေပါတယ်။”

“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ” အဖိုးဂျက်က အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..

“ဟုတ်တယ် သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်။ အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်။ ကြိုးစားတယ်။ ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘဝကို ပြန် မသွားချင်ဘူးလေ. ဒီတော့ ဘာလုပ်သလဲ... သူများထက် ပိုကြိုးစားရတာပေါ့။ ကျွန်မရဲ့ ဇွဲ၊လုံ့လ အကျိုးကြောင့် အချိန်နည်းနည်း ကြာတဲ့အခါ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်။ ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ။ ” စကားပြောရင်း အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့ လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ပြီး

“အန်ကယ်ဂျက်.. ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်.. ကျွန်မတို့ ကုမ္ပဏီမှာ အန်ကယ်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ အ၀တ်အစားဝယ်ဖို့၊ နေထိုင် စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်၊ အန်ကယ် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်။ အန်ကယ် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ။ ကျွန်မ အန်ကယ်အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”

အမျိုးသမီးရဲ့ စကားအဆုံးမှာ အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာပါတော့တယ်။ “ခင်ဗျားကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ” လို့ တုန်ယင်လှိုက်လှဲနေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။

“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်။ ကူညီထိုက်သူကို ကူညီရတာ ၀မ်းမြောက်စရာပါ။ အန်ကယ်ရဲ့ ကူညီထောက်ထားတတ်တဲ့ စိတ်ထားလေးကို ကျွန်မဘယ်တော့မှ မမေ့ပါဘူး။ အန်ကယ် ကျွေးခဲ့တဲ့ ဆင်းဒဝစ်နဲ့ ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရပါဘူး။ ကျွန်မကို ခုလို သူတစ်ပါးကို ကူညီတတ်အောင် လမ်းစကို လမ်းပြခဲ့တဲ့သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”

စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့ ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်။ ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အဝနားမှာ ခေတ္တရပ်ပြီး အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်။

“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”

“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ မဟုတ်ပါဘူးဗျာ.. ကျွန်တော့် ရင်ထဲကို တော်တော် ထိပါတယ်.. ခင်ဗျားရဲ့ ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”

ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ “အိုး ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု ယူလာတာ ကော်ဖီက အချိုပေါ့ ထင်တယ်။ နို့ ဖြစ်ဖြစ်၊ သကြားဖြစ်ဖြစ် ထပ်ယူမလား ” လို့မေးတော့ ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ပြီတော့ ပြုံးလိုက်ပါတယ်။ ပြီးတော့

ကျွန်တော့်အတွက် သကြားတွေ၊ နို့တွေ မလိုတော့ပါဘူးဗျာ၊ ဒီနေ့ အန်ကယ်ဂျက်ကို ခင်ဗျားပေးလိုက်တဲ့ စေတနာ၊ မေတ္တာတွေက သကြားတွေ နို့တွေထက် ချိုပါတယ်။ တန်ဖိုးလည်း ကြီးလှပါတယ်။ စေတနာ မေတ္တာတို့၊ ကျေးဇူးသိတတ်ခြင်းတို့ဆိုတာ ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လှပါတယ်၊ ကျွန်တော့်ရင်ထဲမှာလည်း အဲဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လိုသကြားမှ မလိုတော့အောင် ပီတိတွေနဲ့ ချိုနေပါပြီဗျာ။

Kindness ( Unknown Author) ကို ဘာသာပြန်တာပါ။ ခုတလော စာအသစ် မရေးဖြစ်သေးတာကြောင့် လွန်ခဲ့တဲ့ ၂နှစ်လောက်က ရေးခဲ့တဲ့ ဒီပိုစ့်လေး ပြန်တင်ဖြစ် တာပါ။ နားလည်ခွင့်လွှတ်ပြီး ဖတ်ရှုပေးကြပါလို့ တောင်းပန် ချင်ပါတယ်။ ဒီစာထဲကလို စေတနာ မေတ္တာ အပြည့်နဲ့ ကျေးဇူးသိတတ်ခြင်းက သကြားထက်ကို ချိုမြိန် လှပါတယ်ဆိုရင် ကျွန်မတို့လဲ သကြားထက် ချိုမြိန်တဲ့ အရာတွေကို ပေးနိုင်ဖို့ ကြိုးစားကြပါဦးစို့လားနော်။

လေးစားချစ်ခင်စွာ


Thursday, November 24, 2011

အိပ်မက်ထဲက ကချင်မြေ

Thursday, November 24, 2011

အိပ်မက်ထဲက ကချင်မြေ

ကျွန်မတို့ကချင်ပြည်နယ်ဟာ တောတောင် ရေမြေ သဘာဝအလှတွေ များပြားလှတဲ့ နေရာတစ်ခုဖြစ်သလို အဖိုးတန် သယံဇာတများလည်း ပေါကြွယ်ဝလှပါတယ်.. ကျွန်မ စာရေးဖြစ်ပြီးတဲ့ နောက်ပိုင်း ကချင်ပြည်နယ်ရဲ့ နေရာ အချို့က ကျွန်မရောက် ခဲ့တဲ့ နေရာတွေရဲ့ အကြောင်းတွေ၊ ဓာတ်ပုံတွေကို ဘလော့ဂ်ပေါ်ကနေ တင်ခဲ့သလောက်လည်း တင်ခဲ့ပြီးပါပြီနော်.. ဒါပေမဲ့ ကျွန်မဟာ ကချင်ပြည်နယ်ရဲ့ နေရာအစုံကို မရောက်နိုင်သေးပါဘူး.. ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝတရားရဲ့ ဖန်တီးမှုတွေနဲ့ အင်မတန် လှပသာယာတဲ့ အိက်မက်ဆန်ဆန် နေရာလေးတွေ ရှိနေပါသေးတယ်.. ကျွန်မအနေနဲ့ အခြေအနေ၊ အချိန်အခါ အခွင့်အရေးများရှိခဲ့ရင် အဲဒီနေရာတွေ သွားချင်မိပါသေး တယ်။

ဒီပိုစ့်လေး ဖြစ်လာတဲ့ အကြောင်းက ဖေ့ဘွတ်ပေါ်က ဓာတ်ပုံလေး တစ်ပုံကို သဘောကျ မိရာက ဓာတ်ပုံတွေ အများကြီးရှိတဲ့ Album ထဲကို ရောက်သွားခဲ့ပါတယ်.. အဲဒီမှာ ကျွန်မကိုယ်တိုင် တစ်ခါမှ မရောက်ဖူးသေးတဲ့၊ မမြင်ဖူးသေးတဲ့ ကချင်ပြည်နယ် အရှေ့ဖျားတစ်နေရာ တောင်စဉ် တောင်တန်းတွေကြားက ကချင်မြေရဲ့ အလှအပ ဓာတ်ပုံတွေ တွေ့လိုက်ရပါတယ်.။ အဲဒီဓာတ်ပုံတွေရဲ့ ပိုင်ရှင်က ဆရာငြိမ်းအေးအိမ် ဖြစ်ပါတယ်။ ဆရာရဲ့ ဓာတ်ပုံတွေ ဟာ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် တော်ရုံနဲ့ သိပ်မရောက်နိုင်တဲ့ ကချင်ပြည်နယ် ပန်ဝါနဲ့ ချီဖွေ စတဲ့ ဒေသက ပုံတွေ ဖြစ်ပါတယ်။ ဝန်ခံရရင် အဲဒီနေရာတွေဘက်ကို ကျွန်မက တစ်ခါမှကို မရောက်ဖူး ခဲ့တာမို့ ကိုယ့်ပြည်နယ်ရဲ့ ဒေသတွေဟာ ဒီလောက်လှနေပါလားဆိုတာ တကယ်ကို မသိခဲ့ဘူးလို့ ဆိုရမှာပါ.. ဆရာ ရိုက်ခဲ့တဲ့ ဒေသတွေဟာ ရောက်ဖူးတဲ့သူ အလွန်နည်းတဲ့ ဒေသတွေဖြစ်ပြီး ဓာတ်ပုံတွေ ကလည်း တောတောင် အလှ အပတွေ။ တိုင်းရင်းသားတို့ရဲ့ နေထိုင်မှုဘ ဝနဲ့ တောင်ပေါ်တိရိစ္ဆာန်တွေ စတဲ့ ရှားရှားပါးပါး ပုံတွေဖြစ်ပါ တယ်။ ရေခဲတောင်ဆိုတာ ပူတာအိုဘက်မှာသာ ရှိတယ်လို့ သိခဲ့ဖူးတဲ့ ကျွန်မဟာ မြင်လိုက်ရတဲ့ ဓာတ်ပုံတွေ အတွက်လည်း အလွန်ကို အံ့သြပီတိဖြစ်မိရပါတယ်။



ရေခဲဖုံးတောင်တွေကြားက ယုံကြည်ကိုးကွယ်ရာ

Image Hosted by PicturePush - Photo Sharing
တောင်ခိုးနှင့်တိမ် ရောယှက်လိမ်

Image Hosted by PicturePush - Photo Sharing
အစိမ်းရောင်တောင်ကုန်းများ...

Image Hosted by PicturePush - Photo Sharing
တောင်နဲ့ မိုးတဲ့အိမ်

Image Hosted by PicturePush - Photo Sharing
ငွေမျှင်ကြိုးနဲ့ယှက်တဲ့ တိမ်

Image Hosted by PicturePush - Photo Sharing
ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင်...


Image Hosted by PicturePush - Photo Sharing

တိမ်တွေနဲ့ မျက်နှာသစ်တဲ့ရွာ


Image Hosted by PicturePush - Photo Sharing
တောင်ပေါ်မြေကကိုးကွယ်ရာ

နှင်းဖုံးတောင် နောက်ခံမြင်ကွင်းနဲ့အတူ လှပခမ်းနားနေတဲ့ ဘုရားရှိခိုးကျောင်း



Image Hosted by PicturePush - Photo Sharing
မြင့်မြင့်မားမား တောင်တန်းများပေါ်မှာသာ ပွင့်တဲ့ တောင်ဇလပ်နီ

ချင်းပြည်နယ်က တောင်တန်းတွေပေါ်မှာလည်း တောင်ဇလပ်ပန်းတွေ ရှိပါတယ်။ ဒီပုံကတော့ ကချင်တောင်တန်းပေါ်က တောင်ဇလပ်ပန်းအနီပါ။ ကချင်ပြည်နယ်သူ ကျွန်မ တောင်ဇလပ်ပန်းကို အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးပါဘူး. သူကလည်း မြင့်မား တဲ့ တောင်ပေါ်တွေ မှာသာ ပေါက်တာကိုး.. အခါအခွင့် သင့်တဲ့ တစ်နေ့နေ့ တော့ တောင်ဇလပ်ပန်းကို ကြည့်နိုင်ဖို့ ရောက်အောင်လာခဲ့ပါဦးမည်။

Image Hosted by PicturePush - Photo Sharing
မြောက်မှတောင်သို့ စီးဆင်းနေတဲ့ ငေါ့ချန်းခ

Image Hosted by PicturePush - Photo Sharing

မြစ်တို့၏ မာယာ

Image Hosted by PicturePush - Photo Sharing
ချောင်းကူးတံတား

ဒီလို လှပတဲ့ ပုံတွေကိုကြည့်ပြီး ကချင်ပြည်နယ်ရဲ့ သာယာလှပမှုတွေကို ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းတွေလဲ မြင်ရအောင် တစ်စု တစ်စည်းတည်း ဘလောဂ့်ပေါ် မှာ ပြန်လည် မျှဝေပေးချင်တာနဲ့ ဒီဓာတ်ပုံတွေကို ကိုယ်တိုင် ရိုက်ယူခဲ့တဲ့ ဆရာ ငြိမ်းအေးအိမ် ဆီက ခွင့်ပြုချက် ယူကာမြင်ရတဲ့အတိုင်း ဓာတ်ပုံတွေကို ဒီနေရာကနေ ပြန်လည်ဝေ မျှတာ ဖြစ်ပါ တယ်။ တော်တော် များများလည်း ဆရာရဲ့ Facebook မှာ မြင်ဖူးကြမယ် ထင်ပါတယ်။ သို့သော်လည်း ကျွန်မအနေနဲ့ ဆရာရဲ့ ဓာတ်ပုံတွေကို အလွန် နှစ်သက် သဘောကျလွန်းတာမို့လို့ သိမ်းထားချင်တဲ့ စိတ်လည်း ဖြစ်မိ ပါတယ်.. ပြီးတော့လည်း အဲဒီပုံတွေကို မမြင်ရသေးတဲ့ သူတွေကိုလည်း ကချင်ပြည်နယ် မြောက်ဖျားရဲ့ အလှတွေကို ခံစား ကြည့်စေချင်မိပါတယ်.. ကြည့်ပြီးသား ဆိုရင်လည်း ထပ်မံ ခံစားကြည့်ရှုကြပါလို့ ပြောချင်တာပါရှင်။



Image Hosted by PicturePush - Photo Sharing
ဒီပုံထဲက အိမ်ကတော့ ဆရာနေခဲ့ဖူးတဲ့ ရစ်ဂျော်ဆိုတဲ့ ရွာကလေးဖြစ်ပါတယ်တဲ့

Image Hosted by PicturePush - Photo Sharing
ကချင်တောင်တန်းများကြားက လော်ဝေါ် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ့ရွာကလေး..


Image Hosted by PicturePush - Photo Sharing
လန်ဆယ်ရွာကလေးရဲ့ အိမ်

Image Hosted by PicturePush - Photo Sharing
ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်...

Image Hosted by PicturePush - Photo Sharing
ဘဝကြမ်းကြမ်း လမ်းကြမ်းကြမ်းမှာ တစ်ဝမ်းတစ်ခါး ရှာသူများ

ဆီးနှင်းတို့ဖုံးလွှမ်းနေတဲ့ တောင်ပေါ်လမ်းတစ်နေရာ


Image Hosted by PicturePush - Photo Sharing
ရေခဲတွေတစ်ဝက်တစ်ပျက်ဖုံးနေတဲ့ တောင်ထွတ်နောက်ခံနဲ့ တောင်ကုန်းပေါ် စေတီ

Image Hosted by PicturePush - Photo Sharing

ဆရာက ဒီပုံကို “ဆည်းလည်းသံတို့ရဲ့ နံနက်ခင်း” လို့ အမည်ပေးထားပါတယ်.


Image Hosted by PicturePush - Photo Sharing
မြူမှုန်ခပ်ပါးပါး လွှမ်းခြုံထားတဲ့ ရောင်ခြည်ဖြာစ နံနက်ခင်း


အခု ဒီစေတီရှိရာ အရပ်ဒေသဟာ မြန်မာပြည်အရှေ့မြောက်ဖျား မြင့်မားတဲ့ တောင်တန်းကြီးတွေရှိရာ ပန်ဝါ လို့ အမည်ရတဲ့ ဒေသဖြစ်ပါတယ်. လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ခရီးဝေးတာကြောင့် လူတိုင်းရောက် ရှိဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်.. အဲဒီနေရာမျိုးမှာ ခုလို စေတီနဲ့ ဆည်းလည်းနဲ့ မြင်ရတဲ့ မြင်ကွင်းဟာ အင်မတန်မှ ကြည်နူးဖွယ်ကောင်းလှပါတယ်။ မြန်မာပြည်မှာ နှင်းတွေဖုံးနေတဲ့ တောင်အနီးမှာ ခုလို စေတီ ရှိတယ်ဆိုတာ သိသူနည်းပါးလှပါတယ်..

Image Hosted by PicturePush - Photo Sharing
မယုံမရှိပါနဲ့... တကယ်ကို မြန်မာပြည်ထဲမှာပါ.. ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းတည်ရှိရာ တောင်ကုန်းပါ။

ကချင်မြေမှာ ဘာသာတရားနှင့် ပတ်သက်ပြီး ကန့်သတ်ချက်မရှိဘဲ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်သည်ဆိုတာ စေတီပုထိုးများနှင့် ဘုရားရှိခိုးကျောင်းတို့က အကောင်းဆုံး သက်သေ သာဓကများသာ ဖြစ်နေပေမည်။

Image Hosted by PicturePush - Photo Sharing

ဒီပုံကတော့ ဗန်းမော်အနီးမှာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုင်းရင်းသားတို့ရဲ့ သဘာဝကို ဖော်ကျူးနေတဲ့ ဒီပုံကို ဆရာက “ မြစ်သို့လမ်း” လို့ အမည်ပေးထားပါတယ်.. အဲဒီပုံနဲ့ လိုက်ဖက်တဲ့ ကဗျာလေးကိုတော့ ကိုခင်အောင်အေးက အောက်ပါအတိုင်း ရေးစပ်ထားပါတယ်.. ပုံလေးနဲ့ အတူ တွဲဖက် ခံစားကြည့်ပါနော်။

မြစ်သို့လမ်း
တောင်ပေါ်တောလမ်း
ရွာနီးချုပ်စပ်တွေကို ဖြတ်သန်း
ခေတ်ဆန်းချိန် ဘယ်မှာ သိနိုင်မတုန်း..
ဆယ်နှစ်ကလည်း ဒီအတိုင်း
အနှစ်နှစ်ဆယ်တုန်းကလည်း ဒီအတိုင်း
ဟိုး အနှစ်ငါးဆယ်တုန်းကလည်း
ဒီလိုပဲ ..
ဘာမှ မပြောင်းမလည်းတဲ့လမ်း
အကွေ့အကောက်ကလေးတွေကိုကျော်
အပြေလေးတွေနဲ့ ကုန်းမော့လေးတွေ
တလှည့်စီဖြတ် ဒရွတ်တိုက်ပါနေကျ
ဘဝ လို လွယ်ထားတဲ့ ပလိုင်းနဲ့
ရေနည်းသွားတဲ့ မြစ်ဖက်ဆီ။ ။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


လှေကားထစ်စိုက်ခင်း (သူများတွေဆီမှာတင် ဒီလိုရှုခင်းရှိတယ်မှတ်လား .. ကိုယ့်ပြည်တွင်းမှာလဲ ရှိနေပါတယ်)


Image Hosted by PicturePush - Photo Sharing

အဝေးကကြည့်ရင် ပုဝါတစ်စ လွှင့်ကျလာသလို ဝေ့ကာဝိုက်ကာ ကဗျာဆန်လှပေမဲ့ အားမာန်ပါတဲ့ ချောင်းရေစီးသံ


Image Hosted by PicturePush - Photo Sharing

သဘာဝရဲ့ လက်ဆောင်အဖြစ် ရရှိထားတဲ့ ကြည်လင်အေးမြနေတဲ့ စမ်းချောင်းရေ

Image Hosted by PicturePush - Photo Sharing


တောင်စဉ်အထပ်ထပ်ကို ကျော်ကာဖြတ်ကာ



Image Hosted by PicturePush - Photo Sharing


လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်ကတည်းက တည်ရှိခဲ့တဲ့ လော်ဝေါ်ရွာလို့ ဆရာကဆိုပါတယ်..


ဒီပုံကိုကြည့်ပြီး မေးချင်တဲ့ မေးခွန်းတွေ ပေါ်လာမိပါတယ်.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်ကတည်းက ရှိခဲ့တဲ့ ရွာကလေးဟာ လွန်ခဲ့တဲ့ နှစ်၇ဝဝနဲ့ ဘာတွေများ ကွာခြားပြီး ဘာတွေများ တိုးတက်လာသလဲ ဆိုတဲ့ မေးခွန်းပါဘဲ။ လမ်းပန်းဆက်သွယ်ရေးကရော လွန်ခဲ့တဲ့ နှစ် ၇၀၀နဲ့ ဘာများ ကွာခြားသွားခဲ့ပြီလဲ ဆိုတာပါဘဲ။

Image Hosted by PicturePush - Photo Sharing

ဘယ်လိုပင်လမ်းပန်းခက်ခဲပါစေ.. တောတောင်တွေကြားက သဘာဝအလှတရားက မြို့ပြရှုခင်းတွေ ဘယ်လိုမှမမီနိုင်အောင် လှမြဲပါဘဲလေ။

Image Hosted by PicturePush - Photo Sharing
တောင်ပေါ်အိမ်နဲ့ တောင်ပေါ်လမ်း

Image Hosted by PicturePush - Photo Sharing
ရေခဲတောင်ထွတ်များနဲ့တောင်ခြေက သူတို့ဘဝ (သူတို့လို ရောင့်ရဲနိုင်ပါ့မလား)

Image Hosted by PicturePush - Photo Sharing
ဖြူလွလွ ရေခဲဖုံးတောင်

Image Hosted by PicturePush - Photo Sharing
ငွေရောင်လက်နေတဲ့ ရေခဲတောင်များ..

Image Hosted by PicturePush - Photo Sharing

ထင်းရှူးပင်နဲ့ ရေခဲပြင်

Image Hosted by PicturePush - Photo Sharing
ဖီမော်ရဲ့နှင်းတွေဝေတဲ့ ဖေဖော်ဝါရီ (တရုတ်မြန်မာ နယ်ခြားဂိတ်)


ဆရာ့ဓာတ်ပုံတွေကြည့်ပြီးတဲ့နောက်မှာ အရင်က မသိခဲ့တဲ့ ကချင်ဒေသရဲ့ သမိုင်းကြောင်းအချို့လည်း သိလာခဲ့ရတယ်။ နယ်စပ်မျဉ်းနဲ့ ကပ်နေတဲ့ ကချင်ရွာကြီး သုံးရွာဟာ ( ယခင်က မြန်မာပြည်ပိုင်နက် စင်စစ် ဧကန်ဖြစ်ပါရက်ကယ်နဲ့) ဟိုးယခင်ခါက ဝန်ကြီးချုပ်တစ်ဦးရဲ့ လက်ထက်မှာ တရုတ်ပြည်ပိုင်နက်ထဲကို ထည့်ခံလိုက်ရတယ် ဆိုတာပါဘဲ။ သိသူများကတော့ သိကြပါရဲ့.. ဒါပေမဲ့ လက်လွန်ကုန်ပါပြီ...း(


Image Hosted by PicturePush - Photo Sharing
ကဗျာတစ်ပုဒ်လို လှတဲ့ တောင်တန်းများ


Image Hosted by PicturePush - Photo Sharing
ငေါ့ချမ်းခချောင်းတစ်နေရာ.


Image Hosted by PicturePush - Photo Sharing

ပေ ၇ဝဝဝ ကျော် အမြင့်မှာရှိတဲ့ ဘောလုံးကွင်းလို့ ဆိုပါတယ်.. ကြည့်ပါဦးတော့... တိမ်ကိုတောင် လှမ်းပြီး ဆွတ်ခူးလို့ ရတော့မဲ့အတိုင်း
(ဒီတောင်ထိပ်ပေါ်မှာ ဘောလုံးကန်လိုသူများ စာရင်းပေးပါ) တောင်ထိပ်ပေါ်ကို ခြေလျှင် တက်ပြီးမှ ဘောလုံးကန်ရပါမယ်... :P



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

တရုပ်နဲ့ မြန်မာဆက်သွယ်ဖောက်လုပ်ထားတဲ့ ကန်ပိုက်တည်လမ်းပေါ့။ သူတို့တွေက ဒီလမ်းကနေ မြစ်ဆုံစီမံကိန်းအတွက် ဆောက်လုပ်ရေးပစ္စည်းတွေကို ကားကြီးကားငယ်နဲ့ သယ်ဆောင်လာပြီး လုပ်သားတွေနဲ့ ဝင်ရောက်လာခဲ့ကြတယ်လေ


Image Hosted by PicturePush - Photo Sharing
ဒီလိုတံတားတွေ လျှောက်ရဲပါ့မလား


Image Hosted by PicturePush - Photo Sharing

တောင်ပေါ်ဆေးခန်းလေးတစ်ခုရဲ့ ပုံပါ (ဆေးခန်းဆိုပေမဲ့ ဆရာဝန်မရှိတာ ၈နှစ်ရှိပြီလို့ ဆရာငြိမ်းအေးအိမ်က ဆိုပါတယ်)

Image Hosted by PicturePush - Photo Sharing

တောင်ထိပ်ပေါ်က ရွာကလေးဆီသို့ သွားရာလမ်း..

Image Hosted by PicturePush - Photo Sharing

တောင်ပေါ်မှာလောင်တဲ့မီး (တောမီး)

Image Hosted by PicturePush - Photo Sharing
တောမီးကို ငြိမ်းသလို စစ်မီးကိုလည်း ငြိမ်းကြစို့...







တောင်ပေါ်မှာသာ ရှိတဲ့နွားနောက်

Image Hosted by PicturePush - Photo Sharing
Yak လို့ခေါ်တဲ့ တိဘက်နွားပါ။

နွားနောက်နဲ့ တိဘက်နွားရဲ့ ကွာခြားချက်က အမွှေးရှည်တာနဲ့ မရှည်တာ ကွာခြားပြီး ဦးချိုလည်း ကွဲပါတယ်။ တိဘက်နွားဟာ မြန်မာပြည်မှာတော့ ဒီကချင်တောင်ပေါ်မှာဘဲ ရှိဟန်တူပါတယ်.။




Image Hosted by PicturePush - Photo Sharing



မြန်မာပြည်ထဲမှာရှိတဲ့ တစ်ခုတည်းသော တိဗက်နွား(YAK) မွေးမြူရေးခြံ။
ဥာဏ်သိပ်ကောင်းတဲ့ကောင်တွေ၊ ဘယ်လောက် အဝေးရောက် နေအောင် တောင်ကြောတစ်လျှောက်သွားနေသွားနေ ညနေညနေဆို အိမ်ရောက်အောင်ပြန်တတ်တယ်။ သစ်မြစ်ဆုံတွေပေါ်မှာလည်း ငြိမ်နေအောင် ဟန်ချက်ထိမ်းနေတတ်ကြတယ်။ (ဆရာဖော်ပြထားတဲ့အတိုင်း ပြန်ကူးပေးလိုက်တာပါ)



Image Hosted by PicturePush - Photo Sharing

ဒီနေရာကတော့ အပေါ်က နွားတွေရဲ့ စားကျက် မြက်ခင်းဖြစ်ပါတယ်. အေးအေးချမ်းချမ်း သာသာယာယာပင်ရှိသေးတော့တယ်။



Image Hosted by PicturePush - Photo Sharing

ဒီအကောင်လေးက ရှားပါးလှတဲ့ပန်ဒါဝက်ဝံအနီမျိုးလို့ ဆိုပါတယ်.. သူ့နာမည်လေးက နိုဝင်ဘာတဲ့ ဆရာ့အိမ်မှာတစ်နှစ်လောက် မွေးထားပြီး နောက်တော့ တောထဲပြန်လွှတ်ပေးလိုက်တယ်လို့ ဆရာက ပြောပါတယ်။

ဆရာရေ.. နိုဝင်ဘာလေး ခုချိန်ထိ ဘေးရန်ကင်းကင်းနဲ့မှ ရှိသေးရဲ့လား မသိဘူးနော်.. လောဘကြီးပြီး သားစားကျူးလှတဲ့ တစ်ဖက်နိုင်ငံက မုဆိုးတွေကြောင့်များ ပျောက်ဆုံးသွားလေပြီလားလို့ တွေးမိပြီး စိတ်မကောင်း ဖြစ်မိပါသေးတယ်။

Image Hosted by PicturePush - Photo Sharing


တောင်ပေါ်မှာ ပေါလှတဲ့ ချဉ်စော်ခါးသီးပင်ပေါ့

ရာချီပြီး ရှိတဲ့ ဆရာရဲ့ ဓာတ်ပုံတွေ အားလုံးကို ကျွန်မအနေနဲ့ တင်ပေးချင်ပေမဲ့ မဖြစ်နို်င်ကြောင့် အတူ ဓာတ်ပုံများ အားလုံးကို slide show လေးဖန်တီးထားပါတယ်.. လှပသာယာတဲ့ ဓာတ်ပုံလေးတွေကို အယ်လ်ဆိုင်းဇီရဲ့ သီချင်းလေးနဲ့ ဖန်တီးပေါင်းစပ်ပြီး ဖန်တီးထားတာမို့ အချိန်လည်းရမယ် စိတ်လည်း ဝင်စားတယ်ဆိုရင် အားပေးကြည့်ရှုသွားပါဦးလို့နော်။

မိတ်ဆွေငယ်သူချင်းများ အားလုံးလည်း အေးချမ်းသာယာတဲ့ ကချင်မြေရဲ့ အလှတွေကို တွေ့မြင်ကြပြီ ထင်ပါတယ်နော်.. တကယ်တမ်းတော့ ကျွန်မတို့ မြန်မာပြည်ကြီးမှာ ခရီး သွားလာဖို့ ကောင်းတဲ့ ဒေသတွေ၊ အင်မတန်မှ သာယာတဲ့နေရာတွေ အများကြီးရှိပါတယ်. အခုမြင်နေရတဲ့ နေရာတွေဟာ ပြည်ပခရီးသွားတွေ မပြောနဲ့ ပြည်တွင်းက လူတွေတောင် ရောက်ဖူးဖို့ မလွယ်သေးတဲ့ နေရာတွေဖြစ်ပါတယ်.။ သွားဖို့ လာဖို့ ခက်ခဲတဲ့ ဒီနေရာက အလှတွေဟာ လူသူမသိဘဲ ရှိနေခဲ့ရတာပါ။ အိမ်မက်ဆန်ဆန် လှပလွန်းတဲ့ ဒီဒေသကို လမ်းပန်းဆက် သွယ်ရေးကို ချောမွေ့အောင်လုပ်မယ်.. နယ်မြေအေးချမ်း တိုးတက်အောင် လုပ်မယ်၊ ဆောက်သင့်တဲ့ အဆောက်အဦး၊ ရှိရမဲ့တည်းခိုခန်း စသည်တို့ ကို ပြည့်စုံအောင် ဖြည့်ဆည်းမယ် ဆိုရင် ဒီလို သာယာ လှပ တဲ့နေရာတွေကို လာချင်၊ သွားချင်ကြတဲ့သူတွေ အများကြီး ဖြစ်မှာ ပါ။ ပြည်တွင်းက သာမက ပြည်ပ ခရီးသွား ဧည့်သည်တွေကိုပါ အလည်လာ၊ အပန်းဖြေချင်အောင် ဆွဲဆောင်ဖို့ ကောင်းတဲ့ နေရာတွေ လည်း ဖြစ်ပါ တယ်။

Image Hosted by PicturePush - Photo Sharing
တောင်တွေကြားက အင်မတန် လှပတဲ့ သာယာတဲ့ ချီဖွေချောင်းကလေးပါ။

Image Hosted by PicturePush - Photo Sharing

ချီဖွေတံတား (သို့) ဇန်နောင်ယန် ကြိုးတံတား.


Image Hosted by PicturePush - Photo Sharing
အစိမ်းရောင် ဆေးစက်များပေါ်က အနက်ရောင်ဆေးစက်များ


ဒီတံတား ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ခန့်မှန်းမိကြမယ် ထင်ပါတယ်နော်.. သဘာဝ အလှ အပတွေနဲ့ ငြိမ်းချမ်းလှပပြီး သာယာလှတဲ့ ကချင်မြေဟာ မငြိမ်းချမ်းလေသော အကြောင်းတရား များကြောင့် အခုလို ဖြစ်ရတာတွေဟာ ဝမ်းနည်းဖို့ကောင်း ပါတယ်. လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲ၊ ငြိမ်းချမ်းမှု လည်း မရှိရင် အင်မတန် သာယာလှပတဲ့ အလှတွေကို ဘယ်သူကမှ အလွယ် တကူ မြင်တွေ့ခွင့် ရမှာ မဟုတ်ပါဘူး။ သာယာလှပပြီး သဘာဝရဲ့ အငွေ့အသက်တွေနဲ့ အေးချမ်းလွန်းတဲ့ ဒီမြေပေါ်မှာ ယမ်းနံ့တွေ၊ သွေးညှီနံ့တွေ အမြန်ဆုံး ကင်းစင်လွင့်ပြယ်ပြီး ငြိမ်းချမ်းတဲ့ ချိုးငှက်ကလေးတွေ ဝဲပျံနေတာကို တွေ့မြင်ချင်မိပါပြီ။


Image Hosted by PicturePush - Photo Sharing
အမြဲတမ်း ရွှင်ပြုံးနိုင်ပါစေ


အပြစ်ကင်းသူ ကလေးငယ်

Image Hosted by PicturePush - Photo Sharing
ကလေးတို့ရေ.. မင်းတို့ရဲ့ အနာဂတ်လေး လှပသာယာပါစေ.......


ဓာတ်ပုံတွေရဲ့ ပိုင်ရှင် ဆရာငြိမ်းအေးအိမ်ကလည်း ကချင်ပြည်နယ်မှာ ဒီလောက် သာယာတဲ့နေရာတွေ ရှိတယ်ဆိုတာက မြန်မာပြည်တင်မက ကမ္ဘာကပါ သိစေချင်တယ်.. လာလည်စေချင် ပါတယ်လို့ ပြောပါ တယ်။ ဒေသကို ချစ်ခင်မြတ်နိုးတဲ့ ဆရာ့ရဲ့ စေတနာတွေကို အထင် အရှား မြင်တွေ့လိုက်ရလို့ ဆရာ့ကို လေးစားမိပါတယ်။ ဓာတ်ပုံတွေအတွက်လည်း ဆရာကို အထူးကျေးဇူး တင်ပါကြောင်း ပြောကြား ပါရစေရှင်.. အေးချမ်းလှပတဲ့ ကျွန်မတို့ ကချင်ပြည်နယ်မှာ တောက်လောင်နေတဲ့ စစ်မီးတွေ၊ အမုန်းမီးတွေ အမြန်ဆုံး ငြိမ်းအေးပါစေလို့ ဆုတောင်းမိပါတယ်။

အဲဒီဒေသ ဒီပိုစ့်ထဲက ဓာတ်ပုံများ အားလုံးဟာ ဆရာ ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်သောကြောင့် အခြားသော မီဒီယာများမှ ကူးယူဖော်ပြ အသုံးပြုလိုပါက ဆရာ့ထံ ဆက်သွယ် ခွင့်တောင်းပြီးမှသာ အသုံးပြု ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဆရာရဲ့ ဖေ့ဘွတ်မှာလည်း ( https://www.facebook.com/profile.php?id=100001441728322 ) လှပသော ဓာတ်ပုံများကို သွားရောက် ကြည့်ရှု ခံစားနိုင် ပါတယ်ရှင်...


ချစ်သော ကချင်မြေ ထာဝရငြိမ်းချမ်း စိမ်းလန်းပါစေ.. အားလုံးလည်း ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင် လန်းသော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေ..



Image Hosted by PicturePush - Photo Sharing