ဥယျာဉ်တွင်းက စိတ်ဝင်စားဖွယ် လည်ပတ်စရာများ
ပြီးခဲ့တဲ့ ပိုစ့်ထဲက Zhangjiajie အမျိုးသား သစ်တောဥယျာဉ်အကြောင်းကို ဆက်ရေးပါဦးမယ်ရှင်။ ဥယျာဉ်ထဲမှာ သွားလာလည်ပတ်စရာ တစ်ခုအနေနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၈၀ မီတာ (ပေ ၃၅၀၀ခန့်) အမြင့်မှာ တည်ရှိတဲ့ Huangshi လို့အမည်ရတဲ့ ရွာကလေးဟာ ရှုမျှော်ခင်းတွေကြည့်ရှုလို့ အကောင်းဆုံးနေရာဖြစ်တာကြောင့် ထင်ရှားထူးခြားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ၄င်းရွာကလေးဆီ တောင်တက်ဝါသနာပါသူများအတွက် လှေကားထစ်များနဲ့ တက်ရောက်နိုင်ပြီးတော့ အပင်ပန်း မခံနိုင်သူများအတွက်တော့ တောင်တစ်ခုနဲ့တစ်ခု ဖြတ်ကူးတဲ့ ကေဘယ်ကားများလည်း ရှိပါတယ်။ အဲဒီ Haungshi ရွာကလေးကနေ တောင်ဘက်ကို မျှော်ကြည့်လိုက်မယ်ဆိုရင် ကျောက်တိုင်ထွတ်များကို မျက်စိတစ်ဆုံး စီရီလှပစွာ တွေ့မြင်ရမှာဖြစ်ပြီး ကျောက်တောင်များကြား အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ရေအိုင်များ၊ အရှိန်ပြင်းပြင်း ဖြာကျနေတဲ့ ရေတံခွန်များစွာတို့လည်း ယျာဉ်တွင်းမှာ ရှိနေပါတယ်။ ရစ်ခွေစီးဆင်းနေတဲ့ စမ်းချောင်းများဟာ သလင်းကျောက်ပမာ ကြည်လင် စိမ်းစိုနေတာကို ကြည်နူးစဖွယ် တွေ့မြင်ကြရပါလိမ့်မယ်။ ရှုခင်းတွေကြည့်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့ Hangshi ရွာကလေးကို မရောက်ခဲ့ဘူးဆိုရင် Zhangjiajie ကို ရောက်ခဲ့တယ်လို့တောင် မဆိုနိုင်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။


တောင်ထိပ်ပေါ်က ရွာ
ရစ်ခွေစီးဆင်းနေတဲ့ စမ်းချောင်း
ပန်းချီဆန်တဲ့ ရေတံခွန်အလှ


ရှုမျှော်ခင်းကြည့်ရန်နေရာ
ထင်းရှူးပင်နဲ့ Huangshi တောင်ရဲ့ အလှ

တိမ်တွေကြားက Huangshi တောင်ရဲ့ အလှ
ZhangJiaJie ဒေသမှာ ဌာနေတိုင်းရင်းသားတို့ရဲ့ ရှေးယဉ်ကျေးမှုက စိတ်ဝင်စားဖို့ကောင်းသလို အံ့မခန်းလှပဆန်းကျယ်တဲ့ သဘာဝရှုခင်းများ၊ စိမ်းလဲ့ကြည်လင်နေတဲ့ မြစ်ပြင်၊ ရေကန် စသည်တို့ကလည်း ဘယ်နေရာကြည့်ကြည့် လှပတဲ့ ရှုခင်းတွေသာ ဖြစ်ပါတယ်။ ဥယျာဉ်တွင်းက ထင်ရှားတဲ့ ကြည့်ရှုလေ့လာဖွယ် နေရာများကတော့ Tianmen တောင်၊ Baofeng ရေကန်၊ Suoxiyu တောင်ကြား၊ ကျောက်စက်ပန်းဆွဲများနဲ့ လှပလွန်းတဲ့ Huanglong လှိုဏ်ဂူ တို့ဟာ အဓိက အထင်ကရနေရာများ ဖြစ်ကြပါပြီး ၄င်း ဥယျာဉ်အတွင်းမှာ လှည်ပတ်ကြည့်ရှုစရာ နေရာပေါင်း ၃၀၀ ကျော်ခန့်ရှိပါတယ်။ Tianmen တောင်ရဲ့ထူးခြားတဲ့အချက်များက တောင်အတက်ကားလမ်းဟာ ရှည်လျားပြီး အလွန်ကွေ့ကောက်စွာ ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၉၀၀ ခန့်မြင့်ပါတယ်။ Suoxiyu တောင်ကြားကနေပြီးတော့ Tianmem တောင်ပေါ်ကို တက်မယ်ဆိုရင် သဘာဝအတိုင်း ထူးခြားစွာဖြစ်ပေါ်နေသော အလွန်ကြီးမားတဲ့ ကျောက်တုံးဝကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ လှေကားထစ်ပေါင်း ၉၉၉ထစ် တက်ရောက်ပြီး အပေါ်ရောက်တဲ့အခါ တံခါးဝကိုရောက်ပါပြီ။ ၄င်းကျောက်တုံးဝဟာ မုဒ်ဦးကြီးနဲ့တူတာမို့ ကောင်းကင်ဘုံရဲ့ တံခါးဝမုဒ်ဦးကြီးရယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဥယျာဉ်တွင်းက ပထမဦးဆုံး တွေ့ရတဲ့ Tianmen တောင်တက်ကားလမ်းတစ်နေရာ
လှေကားထစ်ပေါင်း ၉၉၉ ထစ်ရှိသော ကောင်းကင်ဘုံရဲ့ တံခါးဝမုဒ်ဦးကြီးလို့ ခေါ်ဆိုကြတဲ့ ကျောက်တောင်ကြားက သဘာဝ ဂိတ်ဝကြီးသို့ တက်ရာလမ်း
ကျောက်တုံး ဂိတ်ဝ (ကောင်းကင်ဘုံရဲ့ တံခါးဝ)

တောင်ကမ်းပါးယံမှာ ကပ်ပြီးဖောက်လုပ်ထားတဲ့ လူသွားလမ်းများ

Tianmenတောင်ပေါ်က လူသွားလမ်း
ဆောင်းရာသီမှာတော့ ခုလိုရေတွေခဲနေခဲ့ပါတယ်

မင် မင်းဆက်ကတည်းက ဘုရားဖူးများ သွားရောက်ကြရာ Tianmenတောင်ပေါ်က ဗုဒ္ဓဘာသာဘုရားကျောင်း


Tianmen တောင်ပေါ်တက်ရောက်ရာ ကေဘယ်ကားလမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံး ကေဘယ် လမ်းကြောင်းဖြစ်ပြီး ကေဘယ်ကြိုးအရှည်ဟာ ပေပေါင်း ၂၄၄၅၈ပေ ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၄၁၉၆မှာ တည်ရှိပါတယ်။
ဥယျာဉ်တွင်းတစ်နေရာက အသည်းပုံသော့ကြီး

သွားလာကြည့်ရှုစရာတစ်ခုအဖြစ် ဥယျာဉ်ကြီးအတွင်းကနာမည်ကျော် Baofeng ရေကန်

Tianzi တောင်


အဝါရောင်နဂါး (သို့) Huanglong လှိုဏ်ဂူ၊
Suoxiyu တောင်ကြားရဲ့ အလှ
တောင်ကြားထဲမှာ ရစ်ခွေစီးဆင်းနေသော Golden Whip စမ်းချောင်းရဲ့ အလှ

Maoyan River မြစ်ထဲမှာ ဒီလိုလည်း စီးကြတယ်
Avatar ရုပ်ရှင် နာမည်ကျော်လာတာနဲ့အမျှ ၄င်းရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ Zhang Jia Jie ဒေသရဲ့ တောတောင်ရေမြေအလှအပ ဟာလည်း ပိုမိုနာမည်ကြီး ထင်ရှားလာပါတယ်။ ဒါကြောင့် ၄င်းဒေသဟာ တစ်နေ့တစ်ခြား များပြားလာတဲ့ ခရီးသည်များကြောင့် အရှိန်အဟုန်ကောင်းလာတဲ့ ခရီးသွားလာရေးလုပ်ငန်းနဲ့အတူ ပိုမို ဖွံ့ဖြိုးတိုးတက်လာဖို့ သေချာနေပါပြီ။ ကမ္ဘာအဝှန်းက ခရီးသွားလာဖို့ ဝါသနာပါသူများကြားမှာ ဒီဒေသဟာလည်း ထူးခြားတဲ့ ခရီးသွားဒေသ ဖြစ်လာပါတယ်။ ဒေသခံတိုင်းရင်းသားများ အများအပြားနေထိုင်ကြတဲ့ မြို့ကလေးဟာလည်း စိတ်ဝင်စားဖွယ် ဒေသအစားအစာ၊ လှပတဲ့ ရှုမျှော်ခင်းများက ဆွဲဆောင်မှုတစ်ရပ်လို ဖြစ်နေခဲ့ပါတယ်။ မြစ်ကမ်းဘေးမှာ မြို့ကလေးဟာ စိမ်းကြည်နေတဲ့ မြစ်ပြင်ရဲ့ အလှနဲ့အတူ ရှေးဆန်ဆန် အိမ်ကလေးတွေကလည်း မြို့ကလေးကို အလှကျက်သရေ တိုးစေပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့တဲ့ တိုင်းရင်းသားတို့ကြားမှာ စိတ်ဝင်စားဖွယ် ရာဇဝင်များစွာ ရှိနေခဲ့ပါတယ်။ သင်ဟာ ၄င်းဒေသလေးကို ရောက်ခဲ့မယ်ဆိုရင် ပုံပြင်ပမာ ဒဏ္ဍာရီများစွာတို့ကို ဒေသခံတွေကြားမှာ ကြားသိရမှာဖြစ်ပါတယ်။


မြစ်ထဲမှာ လှေများဖြင့် သွားလာပြီး ရှုခင်းတွေကြည့်ရှုတဲ့သူတွေလည်း အများအပြားပါ
ဒေသခံမိန်းခလေးများ၏ ချစ်စဖွယ်အပြုံးနှင့် ဝတ်စားဆင်ယင်မှုများ
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါဘဲ.. ဒေသခံ မိန်းခလေးများဟာ ချောမောလှပတာနဲ့အမျှ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဝတ်စားဆင်ယင်မှုမျိုး ရှိကြပါတယ်။ မြို့ကလေးမှာရှိတဲ့ အဆောက်အဦးများဟာလည်း တရုတ်ယဉ်ကျေးမှုရဲ့ ရှေးခေတ် လက်ရာများအတိုင်း ဆောက်လုပ်ထားတာ ဖြစ်ပါတယ်.။ ဒါကြောင့် တရုတ်ပြည် Hunan ပြည်နယ်ရှိ Changsha မြို့တော်အနီးက Zhangjiajie အမျိုးသားဥယျာဉ်ကို အလည်သွားမယ်ဆိုရင် ရှုခင်းများကြည့်ရှုရင်း စိတ်ကြည်လင် ချမ်းမြေ့စေရုံတင်သာမက ဒေသခံတိုင်းရင်းသားတို့ရဲ့ နေထိုင် စားသောက်မှု၊ လှုပ်ရှားသွားလာမှုတို့ကို တွေ့မြင်ရမှာဖြစ်သလို မိမိကိုယ်တိုင်လည်း ၄င်းတို့ရဲ့ ယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်းကို လေ့လာခံစားနိုင်ပါတယ်။ ဒါကြောင့်လည်း ခရီးသွားခြင်းဟာ ဒေသန္တရ ဗဟုသုတ ရစေယုံတင်သာမကဘဲ စိတ်ကိုလည်း အစာကျွေးခြင်းတစ်မျိုး ဖြစ်ပါတယ်။ စာဖတ်သူများလည်း မိမိအားလပ်ချိန်မှာ ခရီးသွားခြင်းဖြင့် စိတ်ချမ်းသာမှုကို ရှာဖွေ တွေ့ရှိနိုင်ကြပါစေရှင်။



































No comments:
Post a Comment