Monday, November 14, 2011
ပင်လယ်သေလို လူစားများ
စာတွေ လိုက်ဖတ်ရင်း Dead Sea လို့ခေါ်တဲ့ ပင်လယ်သေအကြောင်းကို ဖတ်ရတဲ့အခါ သူနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို စဉ်းစားနေရင်း အတွေးနယ်ချဲ့နေ မိပါတယ်.. ပင်လယ်သေဆိုတာ ဂျော်ဒန်နိုင်ငံနဲ့ အစ္စရေး နှစ်နိုင်ငံကြားမှာ တည်ရှိပြီး အဲဒီနေရာဟာ ကမ္ဘာ့မြေပြင်ရဲ့ အနိမ့်ဆုံးအပိုင်းလို့ ဆိုရလောက်အောင် ပင်လယ်ရေ မျက်နှာပြင်ထက် ပေပေါင်း ၁၃၀၀ကျော်ခန့် နိမ့်နေခဲ့ပါတယ်။ ပင်လယ်သေ လို့သာ ခေါ်ဆိုကြပေမဲ့ အားလုံးသိကြတဲ့အတိုင်း အခြားသော ပင်လယ်တွေလို ဆက်စပ်နေတဲ့ ပင်လယ်ပြင်ကြီးမျိုး မဟုတ်ဘဲ တကယ်တမ်းတော့ သူဟာ ကုန်းတွင်းပိတ် ရေအိုင်ကြီး တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီ ပင်လယ်သေ ရေအိုင်ကြီးထဲမှာ ဆားပျော်ဝင်မှုနှုန်း အင်မတန်မှ မြင့်မား လှတဲ့အတွက် လူရဲ့ ခန္ဓာကိုယ် ကိုတောင် ရေပေါ်မှာ ပေါ်စေနိုင်ပါတယ်။ တစ်ချို့များဆို ရေမျက်နှာပြင်ပေါ် မှာ ပေါလောပေါ်နေ ရင်း အေးအေးလူလူ စာအုပ်ဖတ်နေတဲ့သူတောင် ရှိပါတယ်။
ပင်လယ်သေ (Dead Sea)
ပင်လယ်သေ ရေပြင်ပေါ်မှာ ပေါလောဖြင့် စာဖတ်နေသူများ
ပင်လယ်သေထဲကရေဟာ ဆားပါဝင်မှုနှုန်း ၃၃.၇ ရာခိုင်နှုန်းရှိပြီး ရိုးရိုး သာမာန် ပင်လယ်တစ်ခုမှာ ပျော်ဝင်နေတဲ့ ဆားပမာဏထက် ၁၀ရာခိုင်းနှုန်းနီးပါး ပိုမို များပြားပါတယ်။ ဒီလို ငံကျိနေတဲ့ ရေပြင်ထဲမှာ ဘယ်လို သက်ရှိသတ္တဝါမှ မရှင်သန်နိုင်သလို၊ ပင်လိုအပင်မျိုးမှလဲ မပေါက်ရောက်နိုင်ပါဘူး။ ဒီလောက် ကျယ်ပြောလှတဲ့ ကန်ကြီးထဲမှာ ရေမှာပျော်တဲ့ငါး၊ လိပ်၊ စတဲ့ သတ္တဝါတွေ၊ ရေထဲမှာ ရှင်သန်ပေါက်ရောက်တဲ့ အပင်တွေဆိုတာ ဘာတစ်ခုမှ ရှိမနေတဲ့ ဆားငံပျော်ရည်တွေသာ ပြည့်နေတဲ့ ရေအိုင်ကြီး ဖြစ်နေပါတော့တယ်. ပင်လယ်သေဟာ ၁၂၄ဝပေအထိ နက်ရှိုင်းပြီး ရေတွေကတော့ ကြည်လင်ပြာလဲ့နေကာ အမှိုက်တစ်စတောင် မမြင်ရပေမဲ့ ကမ်းစပ် တစ်လျှောက်မှာတော့ ဆားပွင့်လေးတွေ ဖွေးနေပြီး ကမ်းခြေ တစ်လျှောက်ဟာလည်း ခြောက်သွေ့ပြီး အပင်မရှိသလောက် ကျဲပါးတဲ့ ကုန်းခေါင်ခေါင် မြေရိုင်းသာဖြစ်နေပါတယ်။ အလျား ၄၂မိုင် အနံ ၁၁မိုင် ရှည်လျားပြီး ကြီးမားလှတာကြောင့် ရေကန်လို့ မခေါ်ဘဲ ပင်လယ်လို့ ခေါ်ကြပုံရပါတယ်။
ရေကန်စပ်တစ်လျှောက်က ဆားပွင့်များ
ပင်လယ်သေအကြောင်း စဉ်းစားနေရင်းမှာဘဲ အာရုံထဲကို ဝင်ရောက်လာတာက ပင်လယ်သေရဲ့ မြောက်ဖက်မှာ ရှိတဲ့ ဂါလိလီပင်လယ် အကြောင်းပါဘဲ။ ဂါလိလီ ပင်လယ်ဟာလည်း ရေအိုင်သာဖြစ်ပြီး ဂျော်ဒန်မြစ်စီးဝင်တဲ့ အိုင်ကြီးဖြစ်ပါတယ်။ ဂါလိလီဟာ အရှည် ၁၃မိုင်ရှိပြီး အကျယ်အားဖြင့် ၈မိုင်ရှိပါတယ်. ပင်လယ်မျက်နှာပြင်ထက် ပေ ၇၀၀ ခန့် နိမ့်ကျပြီး ပင်လယ်သေပြီးရင် ကမ္ဘာ့အနိမ့်ဆုံး ရေအိုင်ကြီး ဖြစ်ပါတယ်.။ ရေအိုင်ကြီးနှစ်ခု တူတဲ့အချက်က အဲဒီ ရေအိုင် နှစ်ခု စလုံးဟာ ဂျော်ဒန် မြစ်ရေတွေ စီးဆင်း ဝင်ရောက်တဲ့ ရေကန်တွေ ဖြစ်ပါတယ်.. ဒါပေမဲ့ မတူတဲ့ အချက်ကတော့ ဂါလိလီရေအိုင်ကြီးဟာ ချိုမြိန်တဲ့ ရေတွေရှိပြီး ပင်လယ်သေ ကတော့ ရေငံများသာ ရှိတဲ့ ရေပြင်ဖြစ်ပါတယ်. ဂါလိလီရေပြင်ဟာ လှပ သန့်ရှင်းတဲ့ ရေချိုတွေ ရှိတာကြောင့် ရေထဲမှာ သက်ရှိမျိုးစုံ ရှင်သန်ပေါက်ဖွားလို့ နေပါတယ်. အပင်များစွာနဲ့ ငါးအမျိုးပေါင်း စုံလင်စွာ ကျက်စား မြူးတူးလို့ နေပါတယ်။ အစ္စရေးတို့ရဲ့ အဓိက သောက်သုံးရေ အရင်းအမြစ် လည်း ဖြစ်ပါတယ်။
လှပစိမ်းစိုပြီး သက်ရှိတို့ ရှင်သန်ပေါက်ဖွားအားထားရာ ဂါလိလီပင်လယ်
မြစ်တစ်ခုတည်းကနေ ဖြစ်ပေါ်လာတဲ့ ရေကန်နှစ်ခုဟာ ဘာကြောင့်များ မတူ ကွဲပြားနေရတာလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်. တစ်နေရာတည်းမှာ တည်ရှိနေပြီး မြစ်တစ်ခုတည်းက ရေကို ရရှိနေတဲ့ ပင်လယ်( ရေအိုင်ကြီး) နှစ်ခုဟာ တစ်ခုကတော့ သက်ရှိတွေ နေထိုင် မပေါက်ဖွားနိုင်တဲ့ ရေပြင်မျိုးကို ပိုင်ဆိုင်နေပြီး တစ်ခုကတော့ သက်ရှိတွေ မှီတင်းနေထိုင်နိုင်တဲ့ ရေပြင်မျိုး ဘာကြောင့်များ ဖြစ်နေရတာလဲ.. အဖြေရှာ စဉ်းစားကြည့်တဲ့ အခါမှာတော့..
ဂျော်ဒန်မြစ် စီးဝင်ရာ ဂါလိလီပင်လယ်နှင့် ပင်လယ်သေတို့၏ မြေပုံ
ဂျော်ဒန်မြစ်ဟာ ဂါလိလီပင်လယ်ထဲကို မြောက်ဘက် ကနေ စီးဝင်ပြီးမှ တောင်ဘက် ကနေ ပြန်စီးထွက် သွားခဲ့ပါတယ်.. ဂါလိလီ ပင်လယ်ထဲကရေဟာ အဝင်ရော အထွက်ပါရှိတဲ့ ရေအရှင်ဖြစ်တာကြောင့် သန့်ရှင်းကြည်လင်တဲ့ ရေချိုဖြစ်နေပြီး သက်ရှိပေါင်းများစွာ ပေါက်ဖွားနေထိုင်နိုင်ကာ သတ္တဝါနဲ့ အပင်တွေအတွက် မှီခိုအားထားရာ ဖြစ်စေခဲ့ပါတယ်။ သို့သော် ဂါလိလီ ပင်လယ်ထဲကနေ ပြန်လည် စီးထွက် လာတဲ့ ဂျော်ဒန်မြစ်ကြီး တစ်ခုလုံးက ရေတွေ စီးဝင်နေတာခြင်း တူပေမဲ့လို့ ပင်လယ်သေကတော့ သက်ရှိလည်း မနေနိုင်၊ ဆားတွေ သတ္ထုဓာတ်တွေ များပြားနေတဲ့ ရေပြင်ဟာလည်း ငံကျိနေခဲ့ပါတယ်။ အကြောင်းရင်းကတော့ စီးဝင်တဲ့ ရေသာ ရှိပြီး ပြန်လည် စီးဆင်းသွားတဲ့ မြစ်၊ ချောင်း စတဲ့ ရေထွက်ပေါက် တစ်ခုမှ မရှိတဲ့ ရေသေဖြစ်လို့ပါ။
စီးဆင်းမှု မရှိတဲ့ ပင်လယ်သေရဲ့ ရေပြင်ထုဟာ ခန့်မှန်းခြေ တန်ချိန် တစ်သိန်းကျော်ခန့် နေ့စဉ် နေ့စဉ် အငွေ့ပျံသွားပါတယ်.။ ရေတွေတန်ချိန်များစွာ အငွေ့ပျံသွားတဲ့အခါ ကန်ထဲမှာ ဆားနဲ့ သတ္တုတွေသာ များစွာ ကျန်ရစ်ခဲ့ပါတယ်။ ဆားပါဝင်မှုနှုန်း များပြားလွန်းလို့ သက်ရှိတွေ ရှင်သန်ဖို့မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရပါတယ်. ပင်လယ်သေဟာ ဂျော်ဒန်ုမြစ်ဆီက စီးဝင်တဲ့ ရေသာရှိပြီး စီးဝင်လာတဲ့ရေကို ပြန်လည် ထုတ်ပေးခြင်းမရှိဘဲ သူ့ပင်လယ်ထဲမှာ ထိမ်းသိမ်းထားလိုက်တဲ့ အတွက် ပင်လယ်သေအဖြစ်ကို ရောက်ခဲ့ရပါတယ်။
ပင်လယ်သေရဲ့ သဘောတရားကို ကြည့်ပြီး လူတွေရဲ့ ဘဝကို စဉ်းစားကြည့်မယ်ဆိုရင်...
လူဆိုတာဟာ သူတစ်ပါးကို ပြန်ပေးတာမျိုးမရှိဘဲ ကိုယ်ကသာ သူတစ်ပါးဆီက ယူတတ်သူတစ်ယောက် သက်သက်အဖြစ်သာ ရှင်သန်ရမဲ့အရာ မဟုတ်ပါဘူး။ ဂါလိလီပင်လယ်အတိုင်း ကိုယ်ကလည်း ယူသလို သူတစ်ပါးကိုလည်း ပြန်လည် မျှဝေပေးတတ်သူအဖြစ် ရှင်သန်ရမှာပါ။ ဘဝမှာ စည်းစိမ်ဥစ္စာ၊ ပညာ စသည်တို့ကို ရှာဖွေစုဆောင်းပြီး ရရှိလာတဲ့အခါ ပြန်လည် မျှဝေခြင်း၊ လှူတန်းခြင်း စသည်တို့ မရှိဘဲ မိမိစည်းစိမ်းဥစ္စာ၊ မိမိသိထား၊ တတ်ထားတဲ့ အသိပညာ ၊ အတတ်ပညာတွေကို ကိုယ်တစ်ယောက်တည်း အတ္တကြီးစွာနဲ့ လျှို့ဝှက်သိမ်းဆည်း ထားမယ်ဆိုရင် သက်ရှိတွေ ဘယ်လိုမှ မရှင်သန်နိုင်တဲ့ ပင်လယ်သေလိုဘဲ ချစ်ခြင်းမေတ္တာ၊ အကြင်နာ ၊ ပျော်ရွှင်မှု၊ လူတွေရဲ့လေးစားယုံကြည်ခြင်း စတဲ့အရာတွေနဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်း များစွာတို့ဟာ အငွေ့ပျံသလို ဖယ်ကြဉ် ရှောင်ခွာ၊ ပျောက်ကွယ် သွားကြမှာ ဖြစ်ပါတယ်။
ဒီလိုဆိုရင် ကိုယ်ဟာ လောကကြီးနဲ့ သူတစ်ပါးဆီက ရသမျှ အကုန်ယူမဲ့ အယူသာရှိပြီး အပေးမရှိတဲ့ ပင်လယ်သေလို အတ္တသမား သက်သက်အဖြစ် ရှင်သန်မလား၊ ဒါမှမဟုတ် စီးဝင်တဲ့ ရေလည်း ရှိပြီး ပြန်စီးထွက်တဲ့ ရေထွက်ပေါက်လည်းရှိတဲ့ ဂါလိလီပင်လယ်လို အယူလည်းရှိသလို အပေးလည်းရှိတဲ့ သူတစ်ယောက်အဖြစ် မျှတစွာ ရှင်သန်မလား ဆိုတာကတော့ မိမိရဲ့ ရွေးချယ်ခွင့်သာ ဖြစ်ပါတယ်။ ပင်လယ်သေလို လူစားတွေ များများစားစားမရှိဘဲ ဂါလိလီပင်လယ်လို လူတွေက ပိုများမယ် ဆိုရင်တော့ ကမ္ဘာကြီးဟာ ပိုပြီး သာယာလှပနေမှာ အသေအချာသာ ဖြစ်ပါတော့တယ်။ ဒီတော့ ကျွန်မတို့လည်း အပေးမရှိ အယူသာရှိတဲ့ ပင်လယ်သေလို လူစားတွေမဖြစ်အောင် မိမိ တတ်ထားတဲ့ အသိပညာ၊ အတတ်ပညာတို့ကို အခြားသူများကို ပြန်လည်မျှဝေပေးကာ မိမိပတ်ဝန်းကျင်က အားနည်းသူ၊ အကူအညီ လိုအပ်နေသူကိုလည်း မိမိမှာ ရှိတဲ့ထဲက တတ်နိုင်သမျှပြန်လည် ဝေမျှသူတွေ ဖြစ်အောင် ကြိုးစားသင့် ကြတယ် မဟုတ်ပါလားနော်။
လောကကြီးမှာ သူတစ်ပါးဆီက အယူသာရှိပြီး အပေးမရှိတဲ့ လူစားမျိုးဟာ ပင်လယ်သေနဲ့တူတဲ့ လူတွေပါ။
Inspiration from Dead Sea and Sea of Galilee










No comments:
Post a Comment